ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင်အတွင်း မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကို KNLA အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ BGF ဘက်က သေဆုံးမှုရှိပြီး လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။ ဖာပွန်ခရိုင် ဝါးဒူးနှင့်လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ဖွဲ့ကို မေ ၂၆ရက် မနက်ပိုင်းမှာ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်တာကြောင့် BGF ဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ဖော်ပြထားတာပါ။ဒါ့အပြင် တိုက်ပွဲအတွင်း မှာ လက်နက် ၆လက်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ လက်နက်အမျိုးအစားတွေကတော့ M-16 AR (၄)လက်နှင့် ၎င်းကျည် ၃၂၀တောင့်၊ M-79 လောင်ချာတစ်လက်နှင့် ၎င်းကျည်(၁၇) လုံး၊ 9-MM ပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ (၄)စုံ၊ M-16 ARကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်(၆)လုံးတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ပွဲမှာ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ အသိပေးထားပါတယ်။ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီနှင့် BGFတပ်များကို KNLA တပ်မဟာ(၅)က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိနေတာဖြစ်ပါတယ်။ Era'sEye /(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ Photo - KNU Mutraw News)