မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရုရှား ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေလ ၃၀ ရက် ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
နှစ်ဘက်တွေ့ဆုံရာမှာ ရွေးကောက်ပွဲမှာ ကူညီမယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌဟာ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရုရှားရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်မပြုဘူးလို့ ကြေညာထားပေမယ့် တရုတ်၊ အိန္ဒိယ နဲ့ ရုရှားတို့ကတော့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး ရွေးကောက်ပွဲကို ကူညီမယ်လို့ ထုတ်ဖော် ပြောကြားထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ပြောကြားထားတာ မရှိသေးပါဘူး။
Era’sEye/Photo -CRD