ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းအပေါ် ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်(AA)တို့ရဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ကိုယ်ပိုင်စီမံအုပ်ချုပ်ရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဌ ခူးဦးရယ် ဦးဆောင်တဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းအား ဇွန်လ ၁၂ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခြင်းသည် ကရင်နီလူမျိုးမှ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအား ရဲဝံ့စွာ လှမ်းလိုက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်အပေါ် အပြုသဘောဖြင့် ကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ဆိုပါတယ်။
ကရင်နီလူမျိုးအနေနဲ့ မိမိကောင်စီအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး မျှော်မှန်ထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်စေဖို့ကိုလည်း ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဆုမွန်ကောင်းပေးထားပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းအား ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ KNPP အပါအဝင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)အပြင် တော်လှန်ရေးအင်အားစုများကလည်း ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။