မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်ကို ဝဏ္ဏကျော်ထင်ဘွဲ့ မနေ့က ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အခုလိုဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာနီကိုလိုင်းဟာ မြန်မာနိုင်ငံရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှာ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိနှင့် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအဖြစ် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် စတင်ပေးအပ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် မြန်မာဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်သူတစ်ဦးလည်းဖြစ်ပြီး ရုရှားဖက်ဒရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်း ဆောင်ချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးဖြစ်တဲ့အထိ မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့ခြင်း၊စစ်ကောင်စီလက်ထက်တွင်လည်း မြန်မာ-ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်သဖြင့် စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့အား ချီးမြှင့်အပ်နှင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Era’sEye