၂၀၂၃ ခုနှစ် ၊ ဇွန် (၂၈)ရက် ၊ ခေတ်မျက်လုံး။
အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှာ ပြည်သူ့နေအိမ် ၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာပစ်တိုင်းတောင်လေးများအဖွဲ့ထံက သိရပါတယ်။
ဇွန်လ ၉ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်တပ်ရဲ့ ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ယနေ့အချိန်အထိ ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။
“စစ်ခွေးတွေက ရဲစခန်းတိုက်ခံရပြီးတဲ့အချိန်ကစပြီး ယနေ့အချိန်အထိ အိမ်တွေကို မီးတင်ရှို့နေတာ၊ ညဘက်တွေလည်းရှို့တယ်။ အခု သူတို့ စခန်းပြန်ဆောက်ဖို့နဲ့ မုံရွာနဲ့ ညောင်ပင်ကြီးကို ချင်းတွင်းမြစ်ကနေ အသွားအလာလုပ်နေတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ့နေအိမ် ၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာက ဒေသခံပြည်သူ ၅၀၀၀ကျော်မှာလည်း လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကြီးအုပ်စုအတွင်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိပြီး ပစ်ခတ်မှုများလည်းရှိကာ စစ်ဘေးရှောင်များအနေနဲ့လည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Era’sEye