မန်ယူအသင်းဟာ အခုနွေရာသီမှာ ပထမဆုံးခေါ်ယူလိုက်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်ကို တရားဝင်စာချုပ်ခေါ်ယူလိုက်ပြီး အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ် ၇ ဂျာစီကို ပေးအပ်လိုက်ပါတယ်။ မန်ယူအသင်းဟာ မေဆင်မောင့်ကို ပေါင်သန်း ၆၀ နဲ့ ချဲလ်ဆီးအသင်းထံက ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ဗုဒ္ဓဟူးနေ့က မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီးနည်းပြတန်ဟတ်နဲ့ ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေမှုအပြီးမှာ နည်းပြတန်ဟတ်က မေဆင်မောင့်ကို ပိုင်ရှင်မဲ့ဖြစ်နေတဲ့ ကျောနံပတ် ၇ ဂျာစီကို ဝတ်ဆင်ဖို့ ခွင့်ပြုခဲ့တာပါ။
နည်းပြတန်ဟတ်နဲ့ဆွေးနွေးပြောဆိုပြီးတဲ့နောက် မေဆင်မောင့်က သူ့အနေနဲ့နည်းပြတန်ဟတ်ရဲ့ ဦးစားပေးအစီအစဉ်ထဲမှာပါဝင်နေလို့ အားရကျေနပ်မိကြောင်းနဲ့ ရာသီသစ်ကို မန်ယူအသင်းနဲ့အတူ ရင်ဆိုင်ဖို့ စိတ်လှုပ်ရှားနေပြီလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်ရာမှာ အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့ စီစဉ်နေရတာဖြစ်သလို အသင်းနဲ့လမ်းခွဲတော့မယ့် ဂိုးသမားဒီဂီယာနေရာမှာ အစားထိုးဖို့ အင်တာမီလန်က ဂိုးသမား အိုနာနာကိုလည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ ကျောနံပတ် ၇ ဂျာစီဟာ ဂျော့စ်ဘတ်စ်၊ ဘရိုင်ယန်ရော့ဆင်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်း၊ စီရော်နယ်ဒိုတို့ ဝင်ဆင်ခဲ့လို့ ထင်ရှားကျော်ကြားခဲ့သလို အဲဒီနံပတ်ကို ဝတ်ဆင်ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေလည်း အများအပြားရှိခဲ့ပါတယ်။ မေဆင်မောင့်ဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း မန်ယူအသင်းရဲ့ ကျောနံပတ် ၇ ဂျာစီကို ဝတ်ဆင်ခွင့်ရတဲ့ ၁၀ ယောက်မြောက် ကစားသမားဖြစ်ပါတယ်။
Era’sEye/SportNews