မိုင်းငေါ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA)တို့အကြား ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ မိုင်းငေါ့မြို့နယ်ရှိ နမ့်တွေကျေးရွာအနီးမှာ ဇူလိုင်လ ၁၀ရက်နေ့ နံနက် ၉နာရီကစပြီး တအာင်းတပ်(TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းငေါ့မြို့ကနေ တအာင်းတပ်(TNLA)တပ်ဖွဲ့တည်ရှိရာ နမ့်တွေရွာဘက်သို့ စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၂၅၇တပ်ဖွဲ့က အင်အား ၇၀ဦးဖြင့် ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါနှစ်ဖက်တိုက်ပွဲသည် နံနက် ၉နာရီကစပြီး နေ့လည် ၁၂နာရီအထိ ပြင်းထန်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာတော့ စစ်ရေးတင်းမာနေကာ တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုထားပါတယ်။
ယခုဇူလိုင်လအတွင်း စစ်ကောင်စီတပ်သည် တအာင်းတပ်(TNLA)လှုပ်ရှားရာ နယ်မြေဒေသအတွင်းသို့ စစ်အင်အားများ ပိုမိုတိုးချဲ့လှုပ်ရှားလာလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။
#Era’sEye