ယခု ၄ရက်တာကာလအတွင်း KNLA တပ်မဟာ(၆)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၇ရက်နေ့မှ ဇူလိုင်လ ၂၁ရက်နေ့အထိ KNLA တပ်မဟာ(၆)၊ တပ်ရင်း ၂၇နဲ့ စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းတပ်ရင်းတို့ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး အောင်မြင့်သိန်းနဲ့ ဗိုလ်မှူး နိုင်ဝင်း ဦးဆောင်တဲ့ စကစ(၈) လက်အောက်ခံ ခမရ-၄၀၇တပ်ရင်းနဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ-၁၀၄တပ်ရင်းတို့ ပူးပေါင်းအင်အား ၁၀၀ကျော်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးခဲ့ကာ ၁၁ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအနက် ၅ဦးပြင်းထန်ဒဏ်ရာရခဲ့ကာ ဗိုလ်ကြီးအဆင့် ၂ဦးပါဝင်တယ်လို့ ကြေးနန်းသတင်းပေးပို့ချက်ကို ကိုးကားပြီး KNU က ဖော်ပြထားပါတယ်။
၄ရက်တာတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဘက်က ၄ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦး ကျဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
Era’sEye /ပုံစာ – တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦး။ KNU)