ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းရဲ့နေရာကို စစ်ကောင်စီက အစားထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရဆိုပြီး နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းရဲ့နေရာမှာ ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ယနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းရဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းဟာ ဒေသတွင်းရှိ လုပ်ငန်းရှင်တွေထံကနေ လာဘ်စားတာတွေရှိလို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်မှူးကြီး သိန်းလင်းအပြင် တနင်္သာရီတိုင်းရဲ့ ကမ်းရိုးတန်းဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ကို ဇူလိုင်လ (၂၆)ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့အချိန်မှာ စစ်ကောင်စီက ဩဂုတ်လ ၁၅ရက်နေ့ရက်စွဲနဲ့ ဗိုလ်မှူးကြီး သိန်းလင်းရဲ့နေရာကို အစားထိုးခန့်အပ်တာတွေ ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
#Era’sEye \News