၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၉)ရက်၊
ခေတ်မျက်လုံး။
ပုသိမ်-မုံရွာလမ်းပေါ်က မင်းတုန်းတံတား(ကန်လည်တံတား)စစ်ဆေးရေးဂိတ်နဲ့ (၅)မိုင်စစ်ဆေးရေးဂိတ်တို့ တပြိုင်တည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ဒီကနေ့ ဩဂုတ်လ (၁၉)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်တွေကို သြဂုတ်လ (၁၅)ရက်နေ့ ညနေ (၄)နာရီခန့်က သရက်ခရိုင်တပ်ရင်း (၄)၊ ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force-SAF)နဲ့ လွတ်မြောက်ရေးအင်အားစုစစ်သည်တော်များတပ်ဖွဲ့ (Warriors of Liberation Force-WOLF)တို့ ပူးပေါင်းပြီး တပြိုင်တည်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ (၁)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူ၊ ပစ်ကူ မပို့ပေးဘဲ တိုက်ပွဲအတွင်း အကြောက်တရားကြီးစိုးစွာနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရသလို စစ်ကောင်စီတပ်သား (၇)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
#Era’sEye \News