ချင်းပြည်နယ် တွန်းဇန်မြိုမှာ မနေ့က ဩဂုတ်လ (၂၈) ရက်နေ့ နေ့လယ် (၁၂)နာရီလောက်မှာ ခရစ်ယာန်ဓမ္မဆရာ တစ်ယောက်ကို ဇိုမီးတော်လှန်ရေး တပ်မတော် (Zomi Revolutionary Army (ZRA)) လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ခဲ့တယ်လို တွန်းဇန်မြို့က ဒေသခံတွေက ပြောပါတယ်။
ရိုက်နှက်ခံရတဲ့သူဟာ တွန်းဇန်မြို့နယ်ထဲမှာရှိတဲ့ EBC ဘုရားကျောင်းက သင်းအုပ်ဆရာ ဗန်ပီးဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
ZRA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တွန်းဇန်မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ပုံကို ဖုန်းကင်မရာနဲ့ ရိုက်ထားပြီး သူ့အသိမိတ်ဆွေကို ပေးပို့ရာကနေ အွန်လိုင်းပေါ်မှာ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတယ်ဆိုပြီး ပျံ့နှံခဲ့တာကြောင့် ရိုက်နှက်ခံရတာလို့ ရိုက်နှက်ခံရတဲ့သူနဲ့ရင်းနှီးသူက ပြောပါတယ်။
ဇိုမီးတော်လှန်ရေးတပ်မတော်(Zomi Revolutionary Army (ZRA)) ဟာ ၁၉၉၉၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
ZRA ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ ချူရာချန်ပါခရိုင်ရဲ့ အဓိကနေရာများ၊ မီဇိုရမ်ပြည်နယ်ရဲ့ နယ်နမိတ်ဒေသများနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်တို့မှာလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ချူရာချန်ပါခရိုင်အတွင်းရှိ ကူကီးလူမျိုးများနဲ့ ပိုက်တဲလူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။