စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သဲနုပုံရွာအနီးမှာ ဆားတောင်မိုးကြိုး PDF တပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သြဂုတ် ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ ဆားတောင် PDF စခန်းတည်ရှိရာကို စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် စခန်းပြောင်းရွှေ့ရာ ပစ္စည်းတွေတင်ဆောင်ထားတဲ့ ကားဗွက်နစ်နေချိန် တခြားစစ်ကောင်စီစစ်ကြောင်းတခုနဲ့ ထိပ်တိုက်တွေ့ပြီး PDF ပိုင်ပစ္စည်းတွေနဲ့ ကားပါ မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ကားကို မီးရှို့ပြီးတဲ့နောက် ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းကို စီးနင်းမီးရှို့ဖို့သွားရောက်ချိန် စခန်းရဲ့ မီတာ ၁၀၀၀ ခန့်အကွာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ် လက်ရှိမှာ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မီးလောင် ပျက်စီးသွားတဲ့ ပစ္စည်းတွေ ပြန်လည်ဝယ်ယူနိုင်ဖို့၊ တပ်ဖွဲ့ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီမီးရှို့ခဲ့တာကြောင့် TNT ယမ်းအိတ် ၂ အိတ်၊ ပုလဲဓာတ်မြေဩဇာ ၄ အိတ်၊ C 2 ဖာ ၄ ဖာ စုစုပေါင်းယမ်းတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်၊ ငွေသား ၅၅ သိန်းကျော်၊ လက်နက်ထုတ်လုပ်ရေးပစ္စည်းများ ၊ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ၊ မီးစက် ၂ လုံး၊ တွင်ခုံ၊ ဖောက်စက်နဲ့ ကားအပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၁၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Era’s Eye News