စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရမှာ တောကျီးကန်းအဖွဲ့စခန်း ၁ ခု စီးနင်းခံရပြီး ကျပ်သိန်း ၁၅၀ ကျော် ဆုံးရှုံးသွားတယ်လို့ တောကျီးကန်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။
ဩဂုတ်လ ၂၉ ရက် မနက် ၅ နာရီခန့်မှာ ရွှေဘိုမြို့ကနေ ဇီးတောရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ကို မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်နိုင်ခဲ့ပေမယ့် စခန်းကို စွန့်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။
စခန်းဝင်စီးခံလိုက်ရလို့ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ လက်လုပ်သေနတ် ၁ လက်၊ မိုင်း ၂ လုံး၊ ယူနီဖောင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ကျပ်သိန်း ၁၅၀ ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းက ရွာမှာတပ်စွဲထားလို့ ဇီးတောဒေသခံ ၁၅၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။