စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုမြို့နယ်က ကျေးရွာငါးရွာနဲ့ ဝက်လက်မြို့နယ်က ကျေးရွာ ၁၀ ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၄ရက်နေ့ကနေ စစ်ကြောင်းလေးခုခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်သား ၄၀ နီးပါးရှိတဲ့စစ်ကြောင်းက ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ၁၀ အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်မှာလည်း စစ်ကြောင်းထိုးနေတာလို့ ဟန်လင်းမြို့အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေအပါအဝင် ထုံးဘိုကုန်း၊ ရှားကွဲ၊ ချောင်းမီးတို၊ မင်းကန်ရွာ၊ ဟန်လင်းမြို့ အနောက်ဘက် ရထားသံလမ်းအနီးက ဖွတ်လှိုင်း၊ ယင်းမာကန်၊ ဘိုတဲ၊ ပုဆိုးခြုံ၊ ဘူတာ၊ စင်းတဝဲ ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာပါ။
စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော် ရှိနေတယ်လို့ UNOCHA ရဲ့ စာရင်းတွေအရ သိရပါတယ်။
eraeyes\news