၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။
အယ်ဒီတာ့အာဘော်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ “အလုပ်ကမ်းလှမ်းစာ စာရင်းများ ထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် စာတစောင်ထုတ်ပြန်ခဲ့သည်။
ထိုစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်းရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများကို မြန်မာသံရုံးမှ မှန်မမှန် စီစစ်ပြီး တွေ့ရှိချက်များ သဘောထား မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာပြည်ရှိ အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပို့ပေးလျက်ရှိကြောင်း တိုကျိုရှိမြန်မာသံရုံးမှ စက်တင်ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း စီစစ်ပြီး ဂျပန်မှ အလုပ်ကမ်းလှမ်းစာ (၃၄၂)ခုနှင့် ပတ်သက်သည့် အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ခဲ့ကြောင်း စာထုတ်ပြန်လာခဲ့သည်။
ဂျပန်ကုမ္ပဏီများမှ အမှန်တကယ် အလုပ်ခေါ်ယူခြင်း ဟုတ်မဟုတ်ကို သံရုံးမှ စိစစ်ပေးခြင်းသည်ကောင်းပါသည်။
ဘာကြောင့် နိုင်ငံခြားသို့ ပြည်သူများ အလုပ်သွား လုပ်ချင်နေကြသနည်းဟုမေးခွန်းကိုမေးလျှင် အဖြေကရှင်းပါသည်။ ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးသောကြောင့် ဖြစ်သည်။ ဘာကြောင့်ရှားပါးရသလဲဆိုလျှင် အုပ်ချုပ်သူအစိုးရက ပြည်တွင်းတွင် အလုပ်အကိုင်များ မဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။ ရှိသည့် အလုပ်ကလည်း မိသားစုအတွက်ရပ်တည်ရန် လုံလောက်ခြင်း မရှိသည့်အတွက်ဟု အဖြေထွက်သည်။
ပြည်ပအလုပ်အကိုင်လုပ်သူများတွင် ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူများသည် အခြားနိုင်ငံများထက်လစာများသည့်အတွက် ဂျပန်သို့ အများစုက သွားချင်ကြသည်။ ထို့ကြောင့် ဂျပန်စာသင်ကျောင်းများနှင့် ဂျပန်အလုပ်သမားဈေးကွက် ပေါ်လာခဲ့ရသည်။
တချိန်တည်းတွင်မြန်မာနိုင်ငံတွင်ရှိစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် သတင်းတွင်လည်း စစ်မူ့ထမ်းဟောင်းသားသမီးများ ဂျပန်တွင် အလုပ်လုပ်ရန် လျှောက်ထားနိုင်ကြောင်း အသက် (၁၈) မှ ( ၃၀ )ကြား ၊ ပညာရည်ချင်းအထက်တန်းအဆင့်၊ တက်တူးထိုးထားသူ၊ ဖျက်ထားသူ မဖြစ်ရ အနည်းဆုံး (၃) နှစ်လုပ်ကိုင်နိုင်ရမည်။ လစာငွေ တစ်လလျှင် ယန်း (၁၈) သိန်းခန့်ရမည် ဖြစ်ပြီး သွားရန်ကုန်ကျစရိတ်ငွေက ၄၅ သိန်းခန့်ရှိပါမည်။ (သင်တန်း ၆လတက်၍ အင်တာဗျူး ဖြေရပါမည်) (၂၉.၉.၂၀၂၃ ) နောက်ဆုံးထားပြီး နီးစပ်ရာစစ်မှုထမ်းဟောင်းရုံးများမှ လျှောက်ထားနိုင်ပါသည်ဟု အသိပေးလာသည်။ အဓိကရည်ရွယ်ချက်မှာ စစ်မှုထမ်းဟောင်းများကိုပစ်ပယ်မထား မဲဆွယ်သည့် သဘောဟု ထင်ရသော်လည်း ကုန်ကျစားရိတ် ၄၅ သိန်းကို ဘယ်လိုပေးနိုင်ကြမလဲ၊ စစ်မှုထမ်းဟောင်းအဖွဲ့က ထုတ်ချေးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအချက်များအပြင် မကြာခင်ကစစ်ကောင်စီမှနိုင်ငံခြားတွင်အလုပ်လုပ်နေသူများကို မိမိတို့ရသည့်လခ၏၂၅% ကို နိုင်ငံပိုင်ဘဏ်များတွင် ငွေလဲလှယ်နှုန်းဖြင့် အပ်နှံရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်ကောင်စီက ပြည်ပတွင် အလုပ်လုပ်နေသော အလုပ်သမားများကို သူတို့လုပ်ခမှရရှိသော နိုင်ငံခြားငွေ ၂၅% ကို နိုင်ငံ၏ ဘဏ်စနစ်ထဲသို့ ပေးသွင်းရမည်ဟု ပြည်တွင်းသတင်းတွင်ဖော်ပြထားသည်။ အလုပ်သမားများ ပေးသွင်းသည့်ငွေကို မြန်မာကျပ်ငွေဖြင့် အစိုးရသတ်မှတ်နှုန်းအတိုင်း လဲလှယ်ပေးမည်ဖြစ်သည်။ ထိုနှုန်းထားသည် ပြင်ပပေါက်ဈေးထက် ၄၀% ခန့် လျော့နည်းမည် ဖြစ်ကြောင်း သိရသည်။ အကျိုးဆက်အားဖြင့် ဤဂယက်ရိုက်ခတ်မှုသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်နေသော မြန်မာလုပ်သားနှစ်သန်းနှင့် သူတို့ကို မှီခိုနေရသော ပြည်တွင်းမိသားစုများကိုပါ သက်ရောက်မှု ရှိလာမည်ဖြစ်သည်။
စစ်ကောင်စီအနေနှင့် ပြည်တွင်းအလုပ်အကိုင် မဖန်တီးနိုင်ခြင်းနှင့် မိမိထင်သလို အာဏာသိမ်းမှုသည် လွယ်လွယ်နှင့် မအောင်မြင်ခဲ့ဘဲ လူထုကြီးတရပ်လုံး၏ဆန့်ကျင်မှုကို ခံနေရပြီး တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဘက်ပေါင်းစုံမှ ကျဆင်းလာသည့်အခါ မိမိပြည်သူများကို နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ကို အားပေးလာပြီး တဖက်မှလည်း ထိုအလုပ်သမားများ၏ လုပ်ခလစာကို ခေါင်းပုံဖြတ်ရယူရန် ကြိုးစားလာသည့် မကြံစည်အပ်သည့် အကြံဉာဏ်များကို သွေးရူးသွေးတန်း ပြုလုပ်လာခဲ့သည်မှာ တိုင်းပြည်အုပ်ချုပ်ရန်အတွက် အရည်အချင်း မပြည့်မီကြောင်း မီးမောင်းထိုးပြလျက် ရှိပေသည်။