ဒီကနေ့ နံနက်ပိုင်းကစပြီး ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ရွာထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ဒီမနက်ကစပြီး စကစစစ်ကြောင်းက ရွှေသမင်ရွာထဲဝင်လာတာ၊ အနီးကရွာတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်၊ တိမ်းရှောင်နေရတဲ့ ရွာအရေအတွက်နဲ့ လူဦးရေကိုတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရွှေသမင်ရွာထဲ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် အနီးဝန်းကျင်က ရာဇကျော်၊ ဘိုက်သရက်၊ မတောင့်တ၊ ဖိုဝင်တောင် စတဲ့ ရွာ (၅) ရွာလောက်ထွက်ပြေးနေရရွာတွေကပါ ထွက်ပြေးတိမ်းရှောင်နေရပြီး အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
“ ပထမ ရွာဒေသခံတွေက စစ်ကြောင်းထွက်သွားပြီထင်လို့ ပြန်ဝင်ဖို့လုပ်တာပေါ့၊ အဲ့ဒီမှာ ရွာထဲကနေ လှမ်းပစ်တာခံရတယ်၊ ထိခိုက်တာရှိမရှိနဲ့ ရွာထဲက အခြေအနေကိုတော့ စုံစမ်းနေဆဲပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ နေ့လယ်ပိုင်းအချိန်အထိ ပြန်ထွက်သွားတာမျိုး မရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ရွာထဲ ပြန်ဝင်လို့မရဖြစ်နေကာ အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ကနဦးပြောဆိုထားချက်အရ သိရပါတယ်။
ဓာတ်ပုံ။ ပေးပို့။