KNU တပ်မဟာ(၅)ဒေသအတွင်း စက်တင်ဘာလက KNLA နဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း(၈၄)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က (၃၉)ဦးသေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ (၂)ဦးအပါအဝင် (၄၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်း KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ အဆောက်အဦ (၁)လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး KNLA ဘက်က (၅)ဦးကျဆုံးကာ (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က (၁၅)ရက်အတွင်း Jet-Fighter နဲ့ (၁၀)ကြိမ် ပစ်ခတ်ခဲ့ကာ အလေးချိန်ပေါင်(၅၀၀)ကျော်ရှိ (ကလက်စ်တာဗုံး) (၂၃)လုံး ပစ်ခတ်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ KNU က ပြောဆိုထားပါတယ်။
မြေပြင်စစ်ဆင်ရေးမှာ လက်နက်ကြီးကျည် (၂၀)လုံး ပစ်ခတ်ခဲ့သလို ဖာပွန်မြို့ခံတစ်ဦးကို ပစ်သတ်ခဲ့ခြင်းများရှိပြီး လက်နက်ကြီးကြောင့် သွာခိုလော်ရွာက အဘွားအိုတစ်ဦးလည်း ထိမှန်သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
လေကြောင်းပစ်ခတ်ခဲ့ရာမှာလည်း ထီးကော်ထာအလယ်တန်းကျောင်းက အသက်(၁၅)နှစ်အောက်ရှိ ကျောင်းသူ/သား (၃)ဦးနဲ့ ကျောင်းကော်မတီဝင်တစ်ဦး သေဆုံးကာ ကျောင်းသူ/သား၊ ဆရာ၊ ဆရာမနဲ့ ရွာသားတွေအပါအဝင် စုစုပေါင်း (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။