ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအား အပြစ်ပေးအရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ NLD ပါတီက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
လိုင်ဇာမြို့ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် (၁၀)ဦးအပါအဝင် စစ်ရှောင်ပြည်သူ (၂၈)ဦး အစုအလိုက်အပြုံလိုက် သေဆုံးပြီး (၆၀)ကျော် ဒဏ်ရာရရှိခဲ့တာကို ကြားသိရတဲ့အတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လူသားမျိုးနွယ် ပျက်သုဉ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ထင်ရှားနေတာကြောင့် တာဝန်ယူမှုတာဝန်ခံမှုရှိရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NLD က ပြောပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ရပ်တန့်ဖို့နဲ့ ကျူးလွန်ခံရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုအမြန်ဆုံးပြန်ရရေးအတွက် ကုလလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အခုထက်ပိုမိုထိရောက်စွာ ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။
NLD က စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေမှာ (၁၀)ဦးနဲ့အထက် ဖြစ်စဉ်တွေကိုလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီက (၁၀)ဦးနဲ့အထက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ (၂၀၂၁)ခုနှစ် စက်တင်ဘာလကစပြီး (၂၀၂၃)ခုနှစ် အောက်တိုဘာလ (၁၀)ရက်အထိ ဖြစ်စဉ်စုစုပေါင်း (၂၁)ခုအထိရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။