စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို နိစ္စဓူဝ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၁၃)ရက် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDDRR)မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားတာပါ။
“ နိုင်ငံအနှံ့က ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ အသက်အိုးအိမ်အပါအဝင် ချစ်မြတ်နိုးရတဲ့သူတွေကို ဆုံးရှုံးခံနေရတဲ့ သောကပဋိဒေဝမျိုးစုံကိုပါ ခံစားနေရတယ်” လို့ NUG က ပြောပါတယ်။
မြန်မာမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူစုစုပေါင်း (၂) သန်းနီးပါးရှိပြီး အဲ့ဒီပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီကို သာတူညီမျှ မရကြဘဲ ဘေးဒုက္ခတွေကို မမျှမတ ခံစားနေရတယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေ ခံစားနေရတဲ့ ဘေးဒုက္ခတွေကို လျော့ပါးသက်သာစေပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ အနာဂတ်ဘဝတွေ ဖန်တီးနိုင်ဖို့၊ လုံခြုံနွေးထွေးတဲ့ မိသားစုဘဝတွေ ပြန်ရရှိဖို့ မညီမျှမှု အမျိုးမျိုးမှန်သမျှ တိုက်ဖျက်ပးဖို့ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားပါတယ်။
ပြည်သူအများ ကြုံတွေ့နေရတဲ့ အဆိုးကျော့ သံသရာကို ဖြတ်တောက်နိုင်ဖို့နဲ့ အနာဂတ်ဘဝတွေ ခိုင်မာလုံခြုံစေဖို့အတွက် လူမှုဒုက္ခအဝဝကို ဖန်တီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဖြုတ်ချရေးမှာလည်း ပူးပေါင်းပါဝင်ဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။