ဒီကနေ့ အောက်တိုဘာလ (၁၈)ရက် နံနက် (၇)နာရီခွဲအချိန်က မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်မှာ ငါးလုပ်ငန်းဦးစီးမှူးတစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့ ငါးလုပ်ငန်းဦးစီးမှူးဟာ ဦးဇော်နိုင်လင်းဖြစ်တယ်လို့ သိရပြီး ရေးမြို့လယ်ခေါင်ရှိ ကမ်းနားဈေးက ဖူးကော်ဖီဆိုင်မှာ ထိုင်နေစဉ် ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသင်္ဘောကြီးတွေအပေါ် ဩဇာအပြည့်ရှိ လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ငါးဦးစီးမှူးကို အနားပေးလိုက်ပါပြီ” လို့ ရေးဘီလူးအဖွဲ့က ပြောဆိုထားပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေးမြို့ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။