၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်က အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၉)နာရီခန့်ကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တန့်ဆည် ပ.က.ဖထံက သိရပါတယ်။
“ အောက်တိုဘာ ၂၅ရက် မနက် ၉နာရီကျော်ကစပြီး တန့်ဆည် လမ်းဆုံမြို့ပေါ်မှာ စခနဲ့ ပျူတွေ နေရာအနှံ့မီးရှို့တာပါ။ သိထားရသလောက်ကတော့ နေရာ ၃ခုထက်မနည်း မီးရှိုခဲ့တယ်လို့ကြားတယ်” လို့ မြေပြင်သတင်းတွေက ဆိုထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက တန့်ဆည်မြို့ပေါ်ရှိ ရွှေဥယျဉ်အိမ်၊ မြတ်ထူးချွန်ကျူရှင်ဟောင်းနေရာ၊ မိုးသောက်ကြယ်လက်ဖက်ရည်ဆိုင်နဲ့ ရေဆေးဆီလိုက်ဆိုင်အပါအဝင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် တန့်ဆည်မြို့ပေါ်ရှိ ပြည်သူ (၁၀)ဦးခန့်ကိုလည်း မတရားဖမ်းဆီးသွားခဲ့ကာ စစ်ကောင်စီတပ်သားတွေက မြို့ခံတွေကို ဆက်တိုက်ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စက်တင်ဘာလ (၂၄)ရက်နေ့ကလည်း မြို့ပေါ်နေ ပြည်သူအချို့ကို ဖမ်းဆီးသွားတာတွေရှိပြီး တစ်ဦးမှာ စစ်ကြောရေးအတွင်း သတ်ဖြတ်ခံရသလို ကျန် (၂)ဦးမှာလည်း ဒီကနေ့အချိန်အထိ သတင်းမရရှိဘဲ ပျောက်ဆုံးနေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။