၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီး နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာထဲကနေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) Column – 3 က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ABSDF အမှတ် (၁၄) တပ်ရင်း၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ခြေ ၇၀ ခန့်ရှိတဲ့ လက်တောင်းငယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။