၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေကို တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရဆိုပြီး ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေကို နိုဝင်ဘာလ (၁၅)ရက်နေ့မှာ တာဝန်ကနေ ရပ်စဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးမြင့်ဆွေရဲ့ နေရာကို ကိုးကန့်ဒေသဦးစီးအဖွဲ့ရဲ့ ခေတ္တဥက္ကဌအဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဦးမြင့်ဆွေဟာ ကိုးကန့်ဒေသအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူချိန် နိုဝင်ဘာလ (၈)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်ခဲ့ပါသေးတယ်။
အခုအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီဟာ မြို့နယ် (၈)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။