၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ခေတ်မျက်လုံး။
ကောလင်းမြို့ရှိ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိမ်းဆည်းရရှိခဲ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဘေးစီမံရုံးမှာ သိုလှောင်ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ စနစ်တကျ သိမ်းဆည်းကာ စာရင်းရေးသွင်း မှတ်တမ်းတင်ထားရှိတယ်လို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေမှာ ကယ်ဆယ်ရေးအသင့်ပြုလုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာဖြစ်ပေမယ့် စစ်ကောင်စီလူကယ်ပြန်ဝန်ကြီးဌာနက အဲ့ဒီပစ္စည်းကို ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လုံးဝထောက်ပံ့တာမရှိဘဲ သိမ်းဆည်းထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် လူကယ်ပြန်ဌာနက စစ်ကောင်စီထောက်တိုင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့ထားတဲ့ အထောက်အထားတွေကိုလည်း သက်သေနဲ့တကွ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG က ပြောဆိုထားပါတယ်။
မြို့နယ်ဘေးစီမံရုံးကနေ သိမ်းဆည်းရရှိထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ဖြန့်ခွဲထောက်ပံ့ပေးထားကာ လူသားစာနာလုပ်ငန်းတွေ မြေပြင်မှာ လည်ပတ်ဆောင်ရွက်နိုင်ဖို့ စနစ်တကျ စီမံခန့်ခွဲနေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။