၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်၊ ခေတ်မျတ်လုံး။
မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ ကုလသမဂ္ဂအနေနဲ့ ဘယ်နေရာရောက်နေသလဲဆိုပြီး ဒီဇင်ဘာလ (၁)ရက်က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုနက်ရှိုးလာနေတဲ့အချိန်မှာ ကုလအပါအဝင် နိုင်ငံတကာရဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှုအပေါ် မေးခွန်းထုတ်လာတာတွေက ပိုပြီးကျယ်လောင်လာပါတယ်။
ဒါ့ပြင် ကုလလုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ဟာ အခုနှစ်မှာဆို တစ်နှစ်တင်းတင်းပြည့်ပြီဖြစ်ပေမယ့် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ပြည့်ပြည့်ဝဝ ထည့်သွင်းဖော်ပြနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
မြန်မာအရေးကိစ္စကို ဖြေရှင်းရာမှာ အဓိကကျတဲ့ ရင်းမြစ်ပြဿနာတွေကို ဖော်ပြဖို့ ပျက်ကွက်နေတာက မြန်မာနိုင်ငံအတွင်း ဆိုးရွားလာတဲ့ အခြေအနေတွေအပြင် ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” ရဲ့ ရလဒ်ကောင်းတွေကြောင့် မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေ ပိုမိုခိုင်မာလာစေပြီး စစ်တပ်အနေနဲ့ အင်အားချိနဲ့တာအပြင် ပြည်တွင်းမှာ နယ်မြေစိုးမိုးတာ မရှိတော့တာကိုတော့ မငြင်းဆိုနိုင်ဘူးလို့ ထပ်မံပြောဆိုထားပါတယ်။
ဒီအတွက်ကြောင့် အရေးကြီးတဲ့အချက်ဖြစ်တဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် တာဝန်မကြေတာ ထပ်မံမဖြစ်သင့်ဘူးဆိုတာကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။