၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
ဒီဇင်ဘာလ (၇) ရက်နေ့ကနေ (၈) ရက်နေ့အထိ ကိုးကန့် တုန်ရှမ်းဒေသ တာရင်တောင်နဲ့ လောက်ရှုကုတ်နေရာတကြောမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားငယ်တွေကို ပြန်လည်စုဖွဲ့ပြီး တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ခဲ့ပေမယ့် MNDAA က သူတို့ကို နောက်ပြန်ဆုတ် ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) က သတင်းထုတ်ပြန်ထားပါတယ်။
မြောက်ဘက်ခြမ်း ရှီရှမ်းဒေသတကြောမှာ စစ်ကောင်စီရဲ့ အကြွင်းအကျန်အဖွဲ့တွေကို MNDAA က ဆက်လက်ရှာဖွေရှင်းလင်းနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ မနက် (၉) နာရီ မိနစ် (၃၀) ဝန်းကျင်မှာ လောက်ကိုင်တုန်ချိန်ရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီအင်အားတစ်စုဟာ မကြာခင်က MNDAA က သိမ်းပိုက်လိုက်တဲ့ ရှောက်ရင်တောင် (တာရင်တောင်နဲ့ SiMianFo ရဲ့ အစိတ်အပိုင်းတစ်ခု) ဆီကို ချီတက်လာရာ MNDAA က အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နေ့လည် (၁၁) နာရီ (၄၂) မိနစ်မှာ MNDAA ဟာ အဖွဲ့ငယ်များခွဲပြီး တုန်ချိန်ရပ်ကွက် ဝေါ့ဟူ အပန်ဖြေစခန်း၊ တာရင်တောင်အောက်ခြေနဲ့ ရှောက်ရင်တောင်အောက်ခြေကို ဝင်ရောက်ပြီး အဲ့ဒီနေရာမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်အချို့ကို ရှင်းလင်းခဲ့ပြီး တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ (၇) ရက်နေ့ ညနေ (၄) နာရီ မိနစ် (၅၀) ဝန်းကျင်မှာ လောက်ကိုင်မှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီအင်အားတစ်စုဟာ MNDAA ရဲ့ လောက်ရှုကုတ် အနောက်တောင်ကုန်းနေရာရှိ ခံတပ်တစ်ခုဆီကို ချီတက်လာရာ MNDAA က တွေ့ရှိပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ညနေ (၅) နာရီ မိနစ် (၂၀) ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်သွားတယ်လို့ ဖော်ပြထားပါတယ်။ သေဆုံးဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ရှီရှမ်းဒေသတလျှောက်မှာ MNDAA ဟာ ကုန်းကြမ်းစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှာဖွေရှင်းလင်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ (၇) ရက်နေ့ ရှီရှမ်းဒေသ ဖုန်းချွင်တောင်နဲ့ ရှောက်ကိုင်ကြည်နေရာကို ထွက်ပြေးပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို MNDAA က ဝိုင်းရံပစ်ခတ်တဲ့အတွက် စစ်ကောင်စီဘက်က (၂)ယောက် သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လိမ်ရှမ်နေရာမှာ စစ်ကောင်စီအဖွဲ့ဝင် (၄) ယောက် ထပ်မံသေဆုံးတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ညမှာပဲ ရှောက်ကိုင်ကြည်နေရာမှ ဗိုလ်ကြီးအဆင့် (၁) ယောက်ကို ဖမ်းဆီးရပြီး လိမ်ရှမ်နဲ့ ရှောက်ပိုက်အိုက်နေရာမှာ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၁) ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီသေဆုံးနေသူတွေထဲမှာ တပ်ကြပ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရုပ်အလောင်းပေါ်မှာ ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကို တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ (၈) ရက်နေ့ မနက်မှာလည်း ဟွာရှိပန်နေရာမှာ စစ်ကောင်စီစစ်သုံ့ပန်း (၁)ယောက်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
တာရင်တောင်က သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေက စက်သေနတ်ကြီး (၃) လက်၊ စိန်ပြောင်း (၁) ခု၊ ရိုင်ဖယ် (၅) လက်နဲ့ ခဲယမ်းပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။