++++++++++++++++++++
2024 သမ္မတသစ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပူတင်ဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုမှာ ဆက်လက်ဦးဆောင်နိုင်မယ့် သမ္မတအဖြစ် နောက်ရွေးကောက်ပွဲအသစ်မှာလည်း ပဉ္စမမြောက် သမ္မတသက်တမ်းကို ဆက်လုပ်ခွင့်ရဖို့ နီးစပ်နေပါတယ်။ ပုံမှန်အားဖြင့်တော့ သမ္မတရာထူးကို 8 နှစ် သာ ထမ်းဆောင်ခွင့်ရပေမယ့် အသက် 71 နှစ်အရွယ် ပူတင်ဟာ အခုလာမယ့်ရွေးကောက်ပွဲသစ်မှာ ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် ရုရှားသမ္မတရာထူးကို 24 နှစ်ကြာ ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံသမိုင်းမှာ ဂျိုးဇက်စတာလင်နောက်ပိုင်း သမ္မတရာထူးကို အရှည်ကြာဆုံး ဆက်ခံသူ ဖြစ်လာမှာပါ။ ပူတင်အနေနဲ့ အခုလို သမ္မတနေရာရွေးကောက်ပွဲကို ထပ်မံဝင်ပြိုင်ဖို့ ဖြစ်လာတာကတော့ အနည်းငယ်ထူးဆန်းပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာ ရုရှားပြည်သူတွေ မျိုးချစ်စိတ်ပိုမိုပြင်းထန်လာပြီး ပူတင်ကိုလည်း အားပေးထောက်ခံမှုများလာတာကြောင့်ဖြစ်တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြကြပါတယ်။ ပူတင်ဟာ စစ်မှုထမ်းတွေကို ဂုဏ်ပြုဆုပေးပွဲအခမ်းအနားမှာ သူ့ရဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ရုရှားသူရဲကောင်း ရွှေကြယ်ပွင့်ဆုကို ရရှိခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး အက်ယွန်ဇိုဂါက ပူတင်ကို သမ္မတအဖြစ်ဆက်လက်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပူတင်ကို သမ္မတရာထူး ဆက်လက်ထမ်းဆောင်ပေးဖို့ လူအများက တောင်းဆိုနေကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ ရုရှားရွေးကောက်ပွဲကို လာမယ့် မတ်လ 17 ရက်နေ့မှာ ကျင်းပဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှားဖက်ဒရေးရှင်ကောင်စီရဲ့ အထက်လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ ရုရှားအတိုက်အခံပါတီတွေကတော့ အဲဒီရွေးကောက်ပွဲဟာ ပူတင်ကို အကျင့်ပျက်အာဏာရှင်အဖြစ် အသွင်ကူးပြောင်းစေမယ့်ရွေးကောက်ပွဲ ဒါမဟုတ် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်မယ့် ရွေးကောက်ပွဲလို့ သုံးသပ်နေကြပါတယ်။