၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။
ရခိုင်လူမျိုးတွေရဲ့ သမိုင်းဝင်အမွေအနှစ်နဲ့ ရိုးရာယဉ်ကျေးမှုလက်ရာတွေကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်(၅)နာရီခွဲအချိန်က စစ်ကောင်စီလက်အောက်ခံ မြောက်ဦးအခြေစိုက် ခမရ(၅၄၀)၊ ခမရ(၃၇၈)နဲ့ အမှတ်(၃၁)ရဲတပ်ရင်းတွေက မြောက်ဦးမြို့ရှိ ရှေးဟောင်းပြတိုက်နဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် သာသနိကအဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို သိပါလျက် အခုလို ယုတ်မာညစ်ပတ်စွာနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ထဲက ရခိုင်အမွေအနှစ်တွေအနေနဲ့ သတ်မှတ်ထားသည်သာမက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ တင်သွင်းထားတဲ့ သမိုင်းဝင်အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးခဲ့ကာ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်အပေါ် ရက္ခိုင်လူမျိုးတွေအနေနဲ့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူးဆိုတာကို သိစေပြီး အခုလို ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။