ဇန်နဝါရီလ (၂၉)ရက်။
ပအိုဝ်းအချင်းချင်း တိုက်ခိုက်မှာမဟုတ်တဲ့အတွက် ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်တွေဟာ အသက်ရှင်ခွင့်ရရှိမှာဖြစ်တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်စနစ်ကနေ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးကူးပေါင်းဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
ဇန်နဝါရီလ (၂၈)ရက်နေ့က လုံခြုံရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်နေတဲ့ PNLA စစ်ကြောင်းကို ပြည်သူ့စစ်အဖွဲ့က ချောင်းမြောင်းပစ်ခတ်မယ်ဆိုတဲ့ သတင်းရရှိတာကြောင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့အထဲမှာ M22 သေနတ်တစ်လက်၊ ယာမမူးယစ်ဆေး အထုပ်ကြီးတစ်ထုပ်နဲ့ ကျည်ဆံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့ကလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဆီဆိုင်မြို့နဲ့ ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆီဆိုင်မြို့အတွင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဆီဆိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် မြို့တွင်းအခြေအနေဟာ လုံခြုံရေးအားနည်းနေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်ပြန်ပြီး ပစ္စည်းပြန်ယူတာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
PNLA အနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူကို မစတေးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အခုအခြေအနေကို နားလည်ပြီး ဘေးကင်းလုံခြုံရာမှာ ခေတ္တယာယီခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။