ဖေဖော်ဝါရီလ (၉)ရက်။
စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ နေဗီသင်္ဘော စုစုပေါင်း (၃)စီးကို AA က ရခိုင်ပင်လယ်ပြင်မှာ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မှတ်တမ်းတွေအရ ၂၀၂၄ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၇)စီးခန့်ကို သွားလာလို့မရအောင်နဲ့ မြစ်ထဲ ရေချလို့မရနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
AA အနေနဲ့ လက်နက်ချအညံ့ခံဖို့ ပြောဆိုထားပေမယ့် နားထောင်တာမရှိဘဲ စစ်သင်္ဘောတွေပေါ်ကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလဲ မြစ်ကြောင်းထဲ တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ သမိုင်းမှာ စစ်ကောင်စီကို ပင်လယ်ပြင်ထက်မှာ အောင်ပွဲကို ရေးထိုးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရေတပ်က စစ်သင်္ဘောတွေကို ရခိုင်ပင်လယ်ပြင်ထဲ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့တဲ့နေ့လဲဖြစ်ကာ ပင်လယ်ပြင်တိုက်ပွဲထဲ တာဝန်ကျေပွန်စွာ ထမ်းရွက်ပေးခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောဆိုထားပါတယ်။
အခုလို ရက္ခိုင့်တပ်တော်(AA)က စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။