ဖေဖော်ဝါရီလ (၇)ရက်။
မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ တောင်ပြိုလက်ဝဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က (၃)ရက်မြောက်တဲ့နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ဖေဖော်ဝါရီလ (၄)ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
မောင်တောမြို့ရှိ တောင်ပြိုလက်ယာစခန်းကို ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး အခုဆို စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်း (၂)ခုစလုံးကို AA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နယ်ခြားစောင့်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ရာ (၃)ရက်အတွင်း (၂၀၀)အထက်ရှိသွားပြီလို့ ဖော်ပြထားပါတယ်။
ရခိုင်ဒေသထဲမှာ စစ်ဆင်ရေးဖော်ဆောင်တဲ့အချိန်ကစပြီး ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တစ်နေ့တစ်ခြား ပိုမိုများလာတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲ၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာလည်း အရင်ရက်တွေအတိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး မင်းပြားမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းနှစ်ခုကိုလည်း AA က သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။