ဖေဖော်ဝါရီလ (၂၁) ရက်။
မင်းပြားမြိုနယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
“ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” လို့ ခေါ်တဲ့ “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” ဟာ မေလွန်းရွာနဲ့လည်း နီးတယ်လို့ သိရှိရပါတယ်။ အဲ့ဒီသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ကို စောစောစီးစီး လက်နက်ချဖို့လည်း ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာများကလည်း “ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က အင်အားအမြောက်အများနဲ့ လာရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြံ့ကြံ့ခံ ကွယ်နေဆဲဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။