မတ်လ (၈) ရက်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်မှာ ဒီကနေ့ မတ်လ ၈ရက်နေ့ မနက်အစောပိုင်း ၇ နာရီဝန်းကျင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သင်္ဃန်းညီနောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ ၊ ၃၅၆ နဲ့ ၃၅၇ တပ်ရင်း ၃ ရင်း ကို ဝင်ရောက်တိုက်ခိုက်တာလို့ သိရပါတယ်။
မြေပြင်သတင်းအရ ခမရ ၃၅၅ အတွင်းရှိ ဗဟိုကင်းနဲ့ အရာရှိ ရိပ်သာအထိ KNU အဖွဲက ထိုးဖောက်ထားနိုင်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ၃၅၅ တပ်၇င်း ကျသွားပြီလို့ ဆိုပါတယ်။ ဗိုလ်ကြီးသိန်းဦးတို့ ခံစစ်ဆင်နေတဲ့ ဘုရားကုန်းလည်း ဆုတ်ပေးလိုက်ရတယ်လို့ ဆိုထားပြီး လက်ရှိအချိန်မှာ ခမရ ၃၅၆ ကို ကရင်ပူးပေါင်းတပ်ဖွဲ့က ဆက်လက်တိုတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အိမ်ထောင်သည် မိသားစုတွေကိုတော့ BGF တပ်နယ် ၄ မှူး အမိန့်အရ BGF အဖွဲ့တွေက ကာဗာလုပ်ပြီး ရွှေ့ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ရုပ်သံတခုမှာ ခမရ ၃၅၅ လို့ ယူဆရတဲ့နေရာက အဆောက်အအုံအချို့ကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးနေတာကို တွေ့ရပါတယ်။