မတ်လ (၁၄)ရက်။
မနေ့က ညနေ(၄)နာရီ (၁၅)မိနစ်ခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်မှာ စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
အဲ့ဒီလို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် စည်လှောင်ကျေးရွာက အမျိုးသမီး (၃)ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးခန့်အထိရှိခဲ့တယ်လို့ နယ်မြေသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
သေဆုံးသူ ပြည်သူ(၄)ဦးဟာ အသက် (၅၀)နဲ့ (၈၀)ကြားအရွယ်ရှိပြီး နေရာမှာပဲ သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလဲ ကလေးသူငယ်အချို့ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
ယင်းမာပင်မြို့နယ်ထဲ နံနက် (၆)နာရီ (၅၀)မိနစ်ခန့်က နမခကလာတဲ့ စစ်ကောင်စီကား (၄)စီးဟာ အောင်ဇေယျမြို့သစ်ကတစ်ဆင့် ဘန့်ဘွေးပျူရွာကို စစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ သိရပါတယ်။