မတ်လ (၁၉)ရက်။
ဒီကနေ့ နံနက် (၄)နာရီခန့်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးဟောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ(အထူးတပ်ဖွဲ့)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနဲ့ ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်တာရာ ဘန်ကာထဲ ကင်းစောင့်နေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။
ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အချိန်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်ပြီး ပြန်ဝင်လာချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာကြောင့် အထိနာခဲ့တာလို့ အနီးဝန်းကျင်ကတစ်ဆင့် ကြားသိရတာကို ပြောဆိုထားပါတယ်။
အဲ့ဒီဗဟန်းစည်ပင်ရုံးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် (၅၄)ခြံလေလံကိစ္စ မြေပုံနဲ့ မြေရာဇဝင်တွေအတွက် အဓိကဇတ်ကောင်အနေနဲ့ လုပ်ကိုင်ပေးခဲ့တာကြောင့် အခုလို အရေးယူတာလို့ ရေးသားထားပါတယ်။
ပြည်သူလူထုနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်တဲ့ ဘယ်အဖွဲ့၊ လူပုဂ္ဂိုလ်မဆို လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ အခုထက်ပိုမိုပြင်းထန်တဲ့ အရေးယူတိုက်ခိုက်တာတွေကို ပြုလုပ်သွားမှာဖြစ်ပြီး စစ်ကောင်စီလက်ဝေခံတွေ သတိထားနေကြဖို့ ပြင်းထန်စွာ သတိပေးထားတယ်လို့ သိရပါတယ်။