မတ်လ (၂၂)ရက်။
လိုအပ်ချက်တွေ ထပ်မံဖြည့်စွက်မွမ်းမံထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လိုက်နာဖို့ စစ်သည်ကျင့်ဝတ်အသစ်တွေကို NUG က ဒီကနေ့မှာ ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်တွေကို ပထမဆုံးအကြိမ်အနေနဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာလို့ ဆိုပါတယ်။
အခုထပ်မံထုတ်ပြန်တဲ့ စစ်သည်ကျင့်ဝတ်တွေကို NUG ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံး မဖြစ်မနေ လေးစားလိုက်နာဖို့ ဖော်ပြထားပါတယ်။
စစ်သည်ကျင့်ဝတ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ ယာယီသမ္မတကြီးရဲ့ အမိန့်နဲ့ ဒီကနေ့မှာ ထုတ်ပြန်တာလို့ ရေးသားထားပါတယ်။
ဒါ့ပြင် ကာကွယ်ရေးအဖွဲ့တွေအားလုံး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာကျင့်သုံးဖို့နဲ့ ကျူးလွန်သူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူခံရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာနိုင်ဖို့အတွက် စောင့်ကြပ်ကြည့်ရှုတာနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်တာအပါအဝင် လိုအပ်တာတွေဆောင်ရွက်ဖို့ကို တပ်မှူးအဆင့်ဆင့်က တာဝန်ယူရမယ်လို့ အသိပေးထားပါတယ်။
စစ်သည်တော်ကျင့်ဝတ်စည်းကမ်းတွေအနေနဲ့ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ထိခိုက်ပျက်စီးတာ အနည်းဆုံးဖြစ်စေဖို့၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဘာသာရေးအဆောက်အဦနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေးစားဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ဘက်ဆိုင်ရာတွေကိုသာ ဦးတည်တိုက်ခိုက်ရမှာဖြစ်ပြီး အရပ်သားတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားတိုက်ခိုက်တာ မပြုဖို့နဲ့ အညံ့ခံသူတွေနဲ့ ဖမ်းဆီးထားသူတွေကို နှိပ်စက်သတ်ဖြတ်တာ မပြုဖို့အပြင် လူသားမဆန်တဲ့ အပြစ်ပေးတာမျိုး မလုပ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။