မတ်လ (၂၇)ရက်။
မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ ကနေဒါသံရုံးရဲ့ မြန်မာနိုင်ငံ တပ်မတော်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ အခန်းကဏ္ဍက ပြည်သူတွေကို စောင့်ရှောက်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ဖြစ်ပြီး မြန်မာစစ်တပ်က အဲ့ဒီတာ၀န်ကို ထမ်းဆောင်ဖို့ ဆက်လက် ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တဲ့ လူနေအိမ်တွေ၊ ကျောင်းတွေ၊ ကျန်းမာရေးစင်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်တာအပါအ၀င် အရပ်သားတွေကို ပစ်မှတ်ထားတာ၊ အမျိုးသမီးတွေကို လိင်အကြမ်းဖက်တာတွေ ကျူးလွန်တဲ့အပေါ် ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ရိုဟင်ဂျာတွေအပါအ၀င် ထိခိုက်လွယ်သူတွေကို စစ်တပ်က လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းခွင့်ပြုဖို့ ငြင်းဆိုတာက လုံး၀ လက်ခံလို့မရတဲ့ အခြေအနေဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်တပ်ကို သူတို့ရဲ့ အကြမ်းဖက်မှုတွေကျူးလွန်တာကို ရပ်တန့်ဖို့ ထပ်မံတောင်းဆိုထားကာ လက်နက်ကိရိယာတွေ၊ လေယာဉ်ဆီနဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့တာတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
ဒီကနေ့မှာ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့၊ အားလုံးပါ၀င်တဲ့ အနာဂတ်မျှော်မှန်းချက်တွေနဲ့ တစ်သားထဲရှိတယ်လို့ ကနေဒါသံရုံးရဲ့ ထပ်လောင်းပြောဆိုထားချက်အရ သိရပါတယ်။