ဧပြီလ (၂၃)ရက်။
မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းအဝေးမှာ ဒုဥက္ကဌ စိုးဝင်း ပါဝင်တက်ရောက်တာမတွေ့ရဘူးလို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌအပါအဝင် ဝန်ကြီးဆိုသူတွေနဲ့ တာဝန်ရှိသူတွေအပြင် တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေ လူစုံ တက်ရောက်ခဲ့ကြပေမယ့် ဒုဥက္ကဌ စိုးဝင်းရဲ့ ထိုင်ခုံနေရာက လစ်လပ်နေတာပါ။
စစ်ကောင်စီဒုဥက္ကဌဟာ ဧပြီလ ဒုတိယအပတ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို သွားရောက်တဲ့အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် ဒုဥက္ကဌ စိုးဝင်းဟာ လက်နဲ့ ပခုံးအပါအဝင် အရိုးအကြော ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးဝါးကုသတာတွေ ခံယူနေရတယ်လို့ စစ်ဘက်သတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီဒုဥက္ကဌ စိုးဝင်းဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ဧပြီလ (၁၀)ရက်နေ့ကစပြီး အခု သင်္ကြန်ကာလပြီးဆုံးသွားတဲ့အချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။
ဒါ့အပြင် တပ်ချုပ်ရုံးရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာလဲ စစ်ကောင်စီဥက္ကဌရဲ့ လှုပ်ရှားတာတွေကိုသာ သတင်းထုတ်ပြန်ထားပြီး ဒုဥက္ကဌ စိုးဝင်းရဲ့ သတင်းတွေကတော့ ဧပြီလ (၃)ရက်နေ့အထိသာ နောက်ဆုံးဖော်ပြထားပါတယ်။
အခုလို ဒုဥက္ကဌ စိုးဝင်းနဲ့ပတ်သက်ပြီး ပြောဆိုနေတာတွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုဥက္ကဌအနေနဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။