ဧပြီလ (၃၀)ရက်။
အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာလူတွေ့ရတာနဲ့ ပါဆယ်ပို့ရတာတွေမှာ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေဟာ နံနက်(၄)နာရီအချိန်ကစပြီး ထောင်တံခါးရှေ့မှာ စောင့်ဆိုင်ကြရပြီး ထောင်ဝန်ထမ်းနဲ့နီးစပ်သူတွေရဲ့ နေရာကြိုရောင်းတာတွေကြောင့် ပါဆယ်ကို နောက်ကျမှပို့ခွင့်ရတာလို့ ဆိုပါတယ်။
တန်းစီနေရာရောင်းချတာတွေကို ထောင်အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်တာတွေ မလုပ်တဲ့အပြင် ထောင်ပြပမှာဖြစ်တာကြောင့် အကျဉ်းထောင်နဲ့မဆိုင်ဘူးလို့ပြောဆိုကာ မှောင်ခိုဝင်ငွေလမ်းကြောင်းကို အားပေးသလိုပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အခုလို နေရာကြိုတင်ရောင်းချတာအပြင် လူတန်းစီစနစ်နဲ့ ပို့ဆောင်ရတဲ့အတွက် အချိန်ကြာမြင့်ကာ နွေအပူချိန်ကြောင့် သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးနဲ့ ရောဂါအခံရှိသူတွေအတွက် အလွန်စိုးရိမ်ရတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်အခက်အခဲတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ အခုအချိန်အထိ ထောင်ထဲ ဆေးဝါးစောင့်ရှောက်တာ လုံလောက်စွာမရရှိသလို ဆေးဝါးတွေ ကန့်သတ်ခံရတဲ့ဖြစ်စဉ်တွေလဲ များစွာရှိနေတယ်လို့ ပြောဆိုထားပါတယ်။
PPNM အနေနဲ့ ထောင်ထဲ ဆေးဝါးလုံလောက်စွာရရှိဖို့၊ အချိန်မှီဆေးကုသနိုင်ဖို့နဲ့ ပါဆယ်တွေမှာ လုံလောက်စွာ ဆေးဝါးထည့်ခွင့်ရရှိဖို့တွေအတွက် လှုပ်ရှားမှုတွေကို လစဉ်ပြုလုပ်တောင်းဆိုနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။