မေလ (၁၄)ရက်။
မေလ (၁၀)ရက်နေ့ ည(၈)နာရီခန့်က နောင်ချိုမြို့၊ သုံးဆယ်ရွာကို စစ်ကောင်စီက လက်နက်ကြီး(၄)လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလက်နက်ကြီးတွေကို စစ်ကောင်စီတပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၁၁)တပ်က အုမ္မသီးရွာကနေ သုံးဆယ်ရွာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးဟာ ဦးစံရွှေရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထဲနေထိုင်သူ (၆)ဦးထဲက (၂)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးကို ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ (၂)ဦးကို ကျေးရွာနေပြည်သူတွေက မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ ဧပြီလ (၂၇)ရက်နေ့ကလဲ နောင်ချိုမြို့၊ သုံးဆယ်ရွာကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ် (၂)လုံးပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။