မေလ (၁၇)ရက်။
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလထဲ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းဟာ (၅၀၉၂)ဦးရှိခဲ့ပြီလို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတရားအာဏာလုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၆၈၈)ဦးရှိခဲ့ကာ အဲ့ဒီထဲက (၂၀၄၆၄)ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မေလ (၁)ရက်နေ့ကစပြီး (၁၆)ရက်နေ့အထိ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄)ဦးနဲ့ အမျိုးသား (၁၁)ဦး စုစုပေါင်း (၂၅)ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီသေဆုံးသူတွေထဲက (၁၁)ဦးဟာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
မေလ (၁၄)ရက်နေ့က သံတွဲမြို့နယ် လင်းသီးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရွာထဲ ကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၁၀)ဦး သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
AAPP က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့အရေအတွက်ဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။