မေလ (၂၄) ရက်။
ဒီနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မြောက်ဦးမြို့ဟာ စစ်ကောင်စီ ကင်းစင်သွားတဲ့မြို့ဖြစ်တဲ့အတွက် တိမ်းရှောင်နေကြတဲ့ မြို့ခံတွေက မြို့ကို ပြန်လာနေထိုင်နေကြပြီလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ခရိုင်ထွေအုပ်ရုံး အဆောက်အုံတချို့ ပျက်စီးသွားပြီး သေဆုံးဒဏ်ရာရရှိတာတွေရှိတယ် ဒေသခံတွေက ဆိုပါတယ်။ လလက်ရှိမှာ ထိခိုက်မှုနှင့် သေဆုံးဒဏ်ရာရရှိမှုတွေကို အသေးစိတ် မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်စတဲ့မြို့နယ်တွေမှာလည်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို စစ်ကောင်စီဘက်က မကြာခဏ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၂) ရက်နေ့ကလည်း မင်းပြားမြိုနယ်၊ ခေါင်းလောင်းရွာဟောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဟန်းတော်တပါးနဲ့ စစ်ဘေးရှောင် ပြည်သူ (၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။