ဇွန်လ (၈)ရက်။
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား (၁၀၀)ခန့်သေဆုံးခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်တွေမှာ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မေလ (၂၃)ရက်နေ့က စတင်ပြုလုပ်တဲ့ စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်သား (၁၀၀)ခန့် သေဆုံးကာ အလောင်း (၃၂)လောင်းရရှိပြီး လက်နက်ငယ် (၃၉)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးထဲ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာနဲ့ တီလောင်လမ်းဆုံတို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာနဲ့ ဆိတ်စားရွာအနီးက စခန်းတွေကိုလဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေကို ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့အတူ ခန္တီးခရိုင်တပ်ရင်းတွေ၊ မော်လိုက်ခရိုင်တပ်ရင်းတွေ၊ အထူးလှုပ်ရှားတပ်ရင်းတွေနဲ့ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ တို့ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ ပြည်သူ့တော်လှန်ရေးရဲဘော် (၂၉)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ MOD ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။