ဇွန်လ (၈)ရက်။
ရွှေဈေးနဲ့ ငွေကြေးဈေးတွေဟာ ရှိသင့်ရှိထိုက်တဲ့ ဖြစ်သင့်တဲ့ဈေးနှုန်းကို တဖြည်းဖြည်းကျဆင်းလာခဲ့ပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲက ဝိသမစီးပွားရေးသမားတွေရဲ့ ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်အောင် ဆောင်ရွက်တာတွေကြောင့် ရွှေဈေးနဲ့ ငွေကြေးဈေးတွေ အဆမတန် ပြောင်းလဲခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် လိုအပ်တဲ့ စစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တာလို့ ပြောဆိုထားသလို စီးပွားရေးပိတ်ဆို့တာတွေနဲ့ ဘဏ်စနစ်တွေ ပြိုလဲအောင် လုပ်ဆောင်တဲ့အတွက် ငွေကြေးကမောက်ကမဖြစ်တာနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
အခုလဆန်းပိုင်းက ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး နာမည်ကြီးရွှေဆိုင်အချို့က ရွှေလုပ်ငန်းရှင်တွေအပါအ၀င် ရွေအရောင်းအ၀ယ်ပြုလုပ်တဲ့ ပွဲစားတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒ့ါပြင် စစ်ကောင်စီလက်အောက်ခံ YGEA ကလဲ ရွှေဆိုင်တွေကို နေ့တိုင်း ပုံမှန်ဖွင့်ဖို့အပါအ၀င် သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချဖို့ဆိုပြီး အခုရက်ပိုင်းထဲမှာပဲ ဖိအားပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ အစည်းအဝေးတွေမှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ ပြောဆိုနေပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်တာတွေအပါအ၀င် အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်တာတွေနဲ့ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတာတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာလုယူခဲ့တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့်လို့ ပြည်သူတွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။