ဇွန်လ (၂၁)ရက်။
ဇွန်လ (၁၉)ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ပင်လောင်းမြို့က ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့၊ နမ့်တုတ်ကျေးရွာအုပ်စုရှိ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီးနဲ့ ဒရုန်းတွေဟာ ကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် (၃၉)နှစ်ဟာ ပျံလွန်တော်မူခဲ့ပြီး ဒေသခံ(၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ (၅)ဦးထဲက အချို့ဟာ အခုအချိန်အထိ ဆေးဝါးကုသတာမရရှိသေးဘူးလို့ ရေးသားထားပါတယ်။
ဒါ့ပြင် အဲ့ဒီတစ်ရက်ထဲမှာ နမ့်ဖါမူကျေးရွာနေ ဦးဒေါင်းဟာ လယ်ကွင်းထဲသွားနေချိန် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့သေးတယ်လို့လဲ ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ပင်လောင်းမြို့ရှိ မိုးဦးကျေးရွာထဲကို လက်နက်ကြီးနဲ့ (၆)ကြိမ်ပစ်ခတ်ခဲ့တာကြောင့် မူလတန်းကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဟာ မိုးဦးကျေးရွာထဲ တပ်စွဲနေထိုင်တာတွေကြောင့် ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။