ဇွန်လ (၂၂)ရက်။
လားရှိုးမြို့၊ (၇)ရက်ကွက်၊ နယ်မြေရှိ ရပ်ကွက်ရုံးရှေ့မှာ စစ်လက်နက်အကြွင်းအကျန်ကို ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရပ်ကွက်ရုံးရှေ့မှာ အသက်(၁၂)နှစ်နဲ့ (၁၀)နှစ်အရွယ်ရှိ ကလေးငယ်(၃)ဦးဟာ လက်နက်အမျိုးအစားမသိရတဲ့ စစ်လက်နက်အကြွင်းအကျန်တခုကို ကောက်ယူဆော့ကစားခဲ့တာလို့ ဆိုပါတယ်။
စစ်လက်နက်အကြွင်းအကျန်ကို ဆော့ကစားကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ လက်နှစ်ဖက်ပြတ်သွားကာ မျက်လုံးပါ ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုကြောင့် နောက်ထပ်ကလေးငယ်တစ်ဦးဟာ နဖူး၊ ခြေထောက်နဲ့ မျက်နှာ စတဲ့နေရာတွေမှာ ဒဏ်ရာရရှိခဲ့သလို (၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦးလဲ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်တွေဟာ လားရှိုးမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။