ဇွန်လ (၂၅)ရက်။
ရှမ်းမြောက်ဒေသရှိ ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာကို TNLA ဘက်က ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ နံနက်(၅)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ ကျောက်ကြမ်းရွာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က Jet Fighter နဲ့ ဗုံး(၄)လုံး လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းမှာလဲ တိုက်ပွဲဖြစ်ပွားခဲ့ကာ မိုးကုတ်မြို့၊ ပန်းဆပေရွာဘက်မှာ နံနက်(၉)နာရီ (၄၁)မိနစ်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လားရှိုး-သီပေါကြားက ဆွတ်လန်းရွာ တံတားဖြူ မိုင်းခွဲခံထားရပြီး ကျောက်မဲ-သီပေါကြားရှိ ကျင်သီတံတား ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒါ့ပြင် မိုးကုတ်မြို့ရှိ ဒေါ်နန်းတောင်ကြည်မှာလဲ ဒီကနေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အပစ်ရပ် ဟိုင်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး လက်နက်ကြီးတွေအပါအဝင် လေကြောင်းတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာလာခဲ့တာပါ။
အခုလို စစ်ရေးတင်းမာခဲ့ပြီးနောက် ဟိုင်ဂင်သဘောတူစာချုပ် (၅)လကျော်ကြာလာတဲ့အချိန်မှာ ရှမ်းမြောက်ဒေသထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာလို့ သိရပါတယ်။