ဇွန်လ (၂၉)ရက်။
ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်က တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၁)ဦးအထိ သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မနေ့က ကျောက်မဲမြို့တိုက်ပွဲထဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် သီလရှင်တစ်ပါးအပါအ၀င် အမျိုးသမီး (၄)ဦးနဲ့ အမျိုးသား (၂)ဦး သေဆုံးခဲ့ကာ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဥယျာဉ်ကျောင်းထဲက ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ကာ ကိုရင်(၄)ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူးထုရပ်ကွက်က အဘွားအိုတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသလို မိုးကုတ်အရှေ့ပိုင်းက အောင်သုခရပ်ကွက်ထဲ နေအိမ်တအိမ်ပေါ် လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ရှမ်းမြောက်ဒေသထဲ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်(၄)မြို့နယ်က ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရကာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းအပါအ၀င် နေအိမ် (၁၃)လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဇွန်လ (၂၅)ရက်၊ (၂၆ရက်နဲ့ (၂၇)ရက်တို့ကလဲ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၈)ဦးသေဆုံးကာ (၂၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။