ဇွန်လ (၃၀)ရက်။
မနေ့က နေ့လယ်(၁)နာရီက ထီးလင်းမြို့အနောက်ဘက်တောလမ်းထဲ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း (၅)လုံးကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က နေ့လယ် (၁)နာရီက ဒေသအခေါ် ထီးလင်းအနောက်တော ပလုံတွီ-ထီးလင်းတောလမ်းမှာ အကြမ်းဖက်စကစတွေထောင်ထားခဲ့တဲ့ နင်းမိုင်း (၅)လုံးကို ရဲဘော်တွေက ရှင်းလင်းခဲ့ပါတယ်” လို့ YRA-ထီးလင်းက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တဲ့ တောတောင်နေရာတွေနဲ့ ကျေးရွာတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းပြီးကြောင်း မကြေညာမချင်း ၀င်ရောက်နေထိုင်တာမလုပ်ဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် အနီးပတ်၀န်းကျင်မှာ လက်နက်ကြီးအကြွင်းအကျန်တွေ၊ မြေမြှုပ်မိုင်းတွေ တွေ့ရှိပါက နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးအကြောင်းကြားဖို့ကိုလဲ အသိပေးထားပါတယ်။
စစ်ကောင်စီထောင်ထားခဲ့တဲ့ နင်းမိုင်းတွေကို ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)-YRA ထီးလင်းရဲဘော်တွေက ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ထီးလင်းနဲ့ ကျောက်ထုကြားက စစ်ကောင်စီရဲ့ ရွှေအောင်သာအထိုင်တပ်စခန်းကို နယ်မြေရှင်းလင်းခဲ့ပြီးနောက် ယာယီပိတ်ထားခဲ့တဲ့ ထီးလင်း-ကျောက်ထုလမ်းပိုင်းကို မနေ့ကစပြီး ပြန်လည်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။