ဇူလိုင်လ (၁)ရက်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်လာတဲ့အတွက် ဖားကန့်မြို့ရှိ အနိမ့်ပိုင်းနေပြည်သူတွေကို ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။
“ မိုးရွာပြီး အခု ကံစီးတောင်ကျရေချောင်းစီးနေတဲ့ ဥရုချေင်းက စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပါပြီ၊ ဒါ့ကြောင့် အခုလို သတိပေးထားတာပါ” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ဆိုပါတယ်။
ဥရုချောင်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်သွားတာကြောင့် လုံးခင်း၊ ဖားကန့်နဲ့ ဆိုင်းတောင်တို့က မြေအနိမ့်ပိုင်းမှာနေတဲ့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ ဖော်ပြထားပါတယ်။
အဲ့ဒီဒေသတွေက မြေအနိမ့်ပိုင်းနေသူတွေ သတိနဲ့နေထိုင်ကြဖို့အပါအ၀င် ပစ္စည်းဆုံးရှုံးတာမရှိစေဖို့ အမြင့်ပေါ် ကြိုတင်ပြင်ဆင်ဖို့နဲ့ နာတာရှည်ရောဂါသည်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ပါက အကူအညီတောင်းဖို့ အသိပေးထားပါတယ်။
မနေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာတာကြောင့် မြစ်ကြီးနားနဲ့ ဝိုင်းမောမြို့တို့မှာ ရေလွှမ်းမိုးတာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းအချိန်မှာတော့ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေလွှမ်းမိုးနေကာ ကယ်ဆယ်ရေးမလုံလောက်တာကြောင့် ပိတ်မိနေသူတွေရှိပြီး မြစ်ရေစိုးရိမ်ရေအမှတ်ထက် (၄)ပေကျော်နေပြီလို့ သိရပါတယ်။